Thursday, May 3, 2012

အိုဘားမား လက်ဖက်ရည်ဆိုင်ဖွင့်ခြင်း

by Poet Sue on Thursday, July 14, 2011 at 8:04pm

(၁)

အိုဘားမားသည် ၎င်းနေထိုင်သမှုပြုရာ ထုံးဖြူသုတ်ထားသည့်
အိမ်ဟောင်းကြီးရှေ့တွင် “အိုတီး-(O-Tea)”အမည်ရှိ လက်ဖက်ရည်ဆိုင်တစ်ခုကို
ဖွင့်လှစ်လိုက်သည်။ အဆိုပါ အိုတီးလက်ဖက်ရည်ဆိုင်အား
သူ၏မိတ်ဆွေအပေါင်းအသင်းများ၏ ၀ိုင်းဝန်းတိုက်တွန်း လှုံ့ဆော်မှုကြောင့်
ဖွင့်လှစ်ဖြစ်ခဲ့ခြင်းပင်ဖြစ်သည်။


(၂)

ထိုအချိန်က မြန်မာဟူသည့် လူညိုများနေထိုင်ရာ
အရှေ့ပိုင်းရွာငယ်လေးတစ်ခုတွင် “လက်ဖက်ရည်ဆိုင်ယဉ်ကျေးမှု”ဆိုသော
ယဉ်ကျေးမှုတစ်ရပ် အတော်အတန်ကြီးမားထွန်းကားလျှက်ရှိလေသည်။
ယင်းရွာငယ်လေးရှိ ရွာသူရွာသားအတော်များများမှာ နာရီ၊ စက္ကန့်၊
မိနစ်များစွာကို လက်ဖက်ရည်ဆိုင်များထဲတွင် တမ်းတမ်းစွဲစွဲ
ပြွတ်ပြွတ်သိပ်သိပ် အချိန်ပေးထိုင်တတ်ကြကြောင်း သတင်းများကြားရစဉ်က
အိုဘားမားကြီးတစ်ယောက် အံ့အားကြီးစွာဖြစ်ရလေ၏။