စစ်အစိုးရနှင့် နီးစပ်သည့် စီးပွားရေး လုပ်ငန်းရှင်ကြီး ဦးတေဇ၏ အဲပုဂံ (Air Bagan) လေကြောင်းလိုင်းကို ခရီးသွားများအနေဖြင့် မစီးကြရန် မြန်မာ့အရေး လှုပ်ရှားနေသော နိုင်ငံခြားသားတချို့က ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်မြို့ရှိ အဲပုဂံ ရုံးခွဲရှေ့တွင် ယမန်နေ့က ကန့်ကွက် ဆန္ဒပြခဲ့ကြသည်။

ဆန္ဒပြမှု စတင်သည်နှင့် အဲပုဂံရုံးခွဲ တံခါးများကို ပိတ်လိုက်သည် (ဓာတ်ပုံ - ဧရာဝတီ)
ဆန္ဒပြသူများက ဒေါ်အောင်ဆန်းစုကြည် ၏ ဓာတ်ပုံနှင့် အဲပုဂံကို ဆန့်ကျင်ကြောင်း ပိုစတာများ ကိုင်ဆောင်၍ ဆန္ဒပြခဲ့ကြခြင်း ဖြစ်သည်။
“ဒီ လေကြောင်းလိုင်းကို စီးတာဟာ မြန်မာစစ်အစိုးရကို ထောက်ပံ့နေတာနဲ့ အတူတူပဲ ဆိုတာကို ခရီးသည်တွေ နားလည်စေ ချင်ပါတယ်။ အဲပုဂံကို လုံးဝ မစီးပါနဲ့၊ ဘာဖြစ်လို့လဲဆိုတော့ ဒီလူက ဗိုလ်ချုပ်ကြီးတွေရဲ့ အကျိုးတူ စီးပွားဖက်ဖြစ်နေလို့ပဲ” ဟု ဆန္ဒပြပွဲတွင်ပါဝင်ခဲ့သူ အမျိုးသမီးတဦးက ပြောသည်။
