Wednesday, November 10, 2010

သင့်တင့်သော လူနေမှုပုံစံဖြင့် အူမကြီးကင်ဆာဖြစ်ပွားနှုန်းကို ၂၃ % လျှော့ချနိုင်

Posted: 09 Nov 2010 03:57 PM PST
ကျန်းမာရေးအတွက် သင့်တင့်လျောက်ပတ်တဲ့ နေထိုင်မှုပုံစံ(LifeStyle) နေထိုင်ခြင်းဖြင့် အူမကြီးကင်ဆာဖြစ်ပွားမှုကို ၂၃% အထိ ကာကွယ်နိုင်တယ်လို့ ဒိန်းမတ်နိုင်ငံ(Denmark) မှာ ပြုလုပ်တဲ့ သုတေသန စာတမ်းမှာ ဖော်ပြထားပါတယ်။ အဆိုပါဆောင်းပါးကို အောက်တိုဘာ ၂၆ ရက် ၂၀၁၀ ရက်စွဲနဲ့ BMJ(British Medical Journal) မှာ ဖော်ပြထားပါတယ်။
"ပြည်သူတွေဟာ ကျန်းမာရေးဝန်ထမ်းတွေရဲ့ နေထိုင်မှုပုံစံနဲ့ ပတ်သက်တဲ့ လမ်းညွှန်မှုတွေကို သေသေချာချာ လိုက်နာဖို့ လိုအပ်ကြောင်း၊ မကြီးမားလှတဲ့ လုပ်ဆောင်ချက်တွေဟာ ကျန်းမာရေးရလဒ်ကောင်းတွေကို ယူဆောင်ပေးနိုင်ကြောင်း ကို လက်ရှိ ရလဒ်များက ညွှန်းဆိုနေပါတယ်" လို့ သုတေသနမှာ ပါဝင်တဲ့ သုတေသီတစ်ဦးက ဆိုပါတယ်။
သုတေသနမှာ နေထိုင်မှုပုံစံနဲ့ ပတ်သက်တဲ့ မေးခွန်းပုံစံတွေကို အသက် ၅၀ နဲ့ ၆၄ ကြားမှာရှိတဲ့ ပြည်သူ ၅၇,၀၅၃ ကို ဖြည့်စွက်ခိုင်းပါတယ်။ ကင်ဆာမျိုးရိုးရှိသူတွေ၊ ကာလကြာရှည် အကိုက်အခဲပျောက်ဆေးတွေ သောက်သုံးနေသူတွေနဲ့ ဟော်မုန်းအစားထိုးဆေးတွေ သောက်သုံးနေတဲ့ အမျိုးသမီးတွေ မပါဝင်ပါဘူး။ သုတေသနအဖွဲ့ဟာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့နဲ့ ကမ္ဘာ့ကင်ဆာရန်ပုံငွေအဖွဲ့များကနေ ထုတ်ပြန်ထားကြတဲ့ နေထိုင်မှုပုံစံ စံညွှန်းကိန်းများကို Denmark မှာ အသုံးပြုတဲ့ Nordic Nutrition Recommendation နဲ့ ပေါင်းစပ်ပြီး စံညွှန်းတစ်ခု ဖန်တီးလိုက်ပါတယ်။ အဆိုပါစံညွှန်းဖြင့် သုတေသနပြုလုပ်ခြင်း ဖြစ်ပါတယ်။
စံညွှန်းမှာ ပါဝင်တဲ့ အချက်တွေကတော့
  • ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းလုပ်ခြင်း
  • ဆေးလိပ်သောက်ခြင်း
  • ခါးအတိုင်းအတာ
  • အရက်သောက်ခြင်း
  • နေ့စဉ် အစားအသောက်ပုံစံ
တို့ပါဝင်ကြပါတယ်။
follow up ကို ၁၀ နှစ်ကြာမှ ပြန်လုပ်လိုက်တဲ့အခါမှာ ၆၇၈ ယောက်မှာ အူမကြီးကင်ဆာဖြစ်နေတာကို တွေ့ရပါတယ်။ အမျိုးသားများတွင် အဓိကဖြစ်ပွားသည်ကို တွေ့ရသည်။ ကင်ဆာ ဖြစ်ပွားသူများအားလုံး၏ ၂၃ % တို့သည် သတ်မှတ်ထားသော စံညွှန်းများကို မလိုက်နာသည်ကို တွေ့ရသည်။ "အူမကြီး ကင်ဆာဖြစ်ပွားနှုန်းသည် နေထိုင်မှုစံညွှန်းများကို လိုက်နာမှုနှင့် ပြောင်းပြန်အချိုးကျသည်။ ကျန်းမာအောင် နေထိုင်လေလေ ကင်ဆာဖြစ်ပွားမှု လျော့နည်းလေလေဖြစ်သည်" ဟု သုတေသီများက ဆိုကြသည်။
(Public Health in Myanmar မှ ကူးယူဖေါ်ပြပါသည်။)

No comments:

Post a Comment