Friday, December 23, 2011

ရန်ကုန်မြို့တော်ကို ပြုပြင်မည့် နှစ် (၃၀) စီမံကိန်း ရေးဆွဲရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲပြုလုပ်

ရန်ကုန်မြို့တော်ကို ပြုပြင်မည့် နှစ် (၃၀) စီမံကိန်း ရေးဆွဲရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲပြုလုပ်၊ တိုးပွားမည့် လူဦးရေအတွက် လိုအပ်ပါက မြို့တော်နယ်နိမိတ်အား ချဲ့ထွင်နိုင်ရေး စဉ်းစားသင့်ကြောင်း ဆွေးနွေး PDF Print
Sunday, 18 December 2011 10:57
AddThis Social Bookmark Button
  ရန်ကုန်မြို့တော်အား ပြုပြင် ဖွံ့ဖြိုးစေမည့် Yangon City Concept Plan (2040) ရေးဆွဲရန် အလုပ်ရုံဆွေးနွေးပွဲကို ဒီဇင်ဘာလ ၁၅ ရက်နေ့ နှင့် ၁၆ ရက်နေ့တို့တွင် ရန်ကုန်မြို့ ကမ္ဘာအေးစေတီလမ်းရှိ Micasa ဟိုတယ်တွင် ပြုလုပ်ခဲ့ကြောင်း သတင်း ရရှိသည်။
အဆိုပါ ဆွေးနွေးပွဲတွင် မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာန၊ ရန်ကုန် မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ ရန်ကုန်တိုင်းဒေသကြီး အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေး အဖွဲ့၊ ရန်ကုန်တိုင်းဒေသကြီး မီးသတ်ဦးစီးဌာန၊ မြန်မာ့ဆိပ်ကမ်း အာဏာပိုင်၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ၀န်ကြီးဌာန၊ သိပ္ပံနှင့်နည်းပညာ ဌာန ဗိသုကာပညာရှင်များနှင့် စီးပွားရေးပညာရှင်များ ပူးပေါင်း၍ စာတမ်း၂၅ စောင် ဖတ်ကြား ဆွေးနွေးခဲ့ကြောင်း သိရသည်။
ယင်းကဲ့သို့ ဆွေးနွေးရာတွင် ရေတိုအနေဖြင့် ရန်ကုန်မြို့တော်၏ လူနေကျဲပါးသည့် နေရာများတွင် လူနေထူထပ် ဖွံ့ဖြိုးလာအောင် ဖြည့်ဆည်း ဆောင်ရွက်သင့်ကြောင်းနှင့် လိုအပ်လာပါကမူ မြို့ဧရိယာအား ထပ်မံချဲ့ထွင်နိုင်ရေး စဉ်းစားသင့်ကြောင်းကို စာတမ်းရှင်အချို့က တင်ပြဆွေးနွေးခဲ့ကြသည်။

လက်ရှိအနေအထားအရ ရန်ကုန်မြို့နေ လူထုအတွက် အိမ်ရာဖြင့် နေထိုင်မှုမှာ အိမ်ထောင်စု ၁၄ စုလျှင် ၁၀ အိမ်နှုန်းဖြင့် နေထိုင်နေရ . . .

7122a
ရန်ကုန်မြို့လယ် တစ်နေရာကို တွေ့ရစဉ်
အခြေခံအိမ်ယာ လိုအပ်ချက် ဘယ်လိုရှိမလဲ
၂၀၀၀ ပြည့်နှစ်က ရန်ကုန်မြို့၏ လူဦးရေမှာ လေးသန်းနီးပါးခန့်သာရှိပြီး လက်ရှိတွင် ငါးသန်းကျော် မှ ခြောက်သန်းနီပါးအထိ တိုးပွားလာရာ အဆိုပါလူဦးရေအတွက် အခြေခံအိမ်ယာ လိုအပ်ချက်မှာလည်း အဓိကအရေးကြီးသော အချက် ဖြစ်သည်။ လက်ရှိအနေအထားအရ ရန်ကုန်မြို့နေလူထုအတွက် အိမ်ရာဖြင့်နေထိုင်မှုမှာ အိမ်ထောင်စု ၁၄ စုလျှင် ၁၀ အိမ်နှုန်းဖြင့် နေထိုင်နေရသည်ဟု သိရသည်။

“တိုးပွားလာမယ့်လူဦးရေအတွက် သူတို့တွေ ဘယ်မှာနေမလဲဆိုတာ အရေးကြီးပါတယ်။ လူဦးရေက နောက်ထပ်ငါးသန်းထပ်တိုးမှာဖြစ်တဲ့ အတွက် အိမ်ရာလိုအပ်ချက်ကလည်း များလာနိုင်ပါတယ်။ တွက်ချက်မှု တွေအရ လာမယ့် ၂၀၄၀ မှာရန်ကုန် မြို့မှာ တစ်နှစ်ကို အိမ်ရာ  ၂၅၀၀၀ လောက်လိုအပ်မယ်လို့ အကြမ်းဖျင်း တွက်ချက်ထားပါတယ်။ ပေ ၄၀_ပေ ၆၀ နဲ့တွက်ချက်ရင် တစ်နှစ်ကိုမြေဧက ၂၅၀၀ လောက် လိုအပ်ပါမယ်။ အခု ရန်ကုန်မြို့မှာစက်မှုဇုန်တွေများနေလို့ လူနေသိပ်သည်းမှုလျော့နည်းတာလည်း တစ်ချက်ဖြစ်တယ်။ ဒါကြောင့်မြို့သစ် တွေက တချို့လူနေကျဲတဲ့နေရာတွေ  မှာ အိမ်ရာစီမံကိန်းတွေ ဆောက်ပြီး တိုးလာမယ့် လူဦးရေအတွက် ထိန်းသွားသင့်တယ်လို့ ထင်ပါတယ်”ဟု မြို့ရွာနှင့်အိုးအိမ် ဖွံ့ဖြိုးရေး ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးကတင်ပြဆွေးနွေး သွားခဲ့သည်။
နှစ်ဆတိုးလာမယ့် လူဦးရေနဲ့ လျှပ်စစ်ဓာတ်အား လိုအပ်ချက်
လာမည့် ၂၀၄၀ ပြည့်နှစ်တွင် နှစ်ဆတိုးလာမည့် ရန်ကုန်မြို့၏ လူ ဦးရေအတွက် လျှပ်စစ်ဓာတ်အား လိုအပ်ချက်များ ရှိလာမည်ဖြစ်ကြောင်း၊ ယခုလက်ရှိကာလအထိ ရန်ကုန်တိုင်း ဒေသကြီးအတွက် လိုအပ်သည့် လျှပ်စစ်ဓာတ်အား ပမာဏကို ရန်ကုန်တိုင်း ဒေသကြီးအတွင်းမှ ရရှိသောလျှပ်စစ် အရင်းအမြစ်များဖြင့် အပြည့်အ၀ ဖြည့်ဆည်းပေးနိုင်ခြင်း မရှိသေးကြောင်း၊ ယင်းအတွက် နိုင်ငံတော်၏ ဓာတ်အား စနစ်မှ လိုအပ်ချက်ကို ရယူသုံးစွဲနေရသည်။
“ရန်ကုန်တိုင်း ဒေသကြီးအတွင်း က ထုတ်တဲ့ ဓာတ်အားခွဲရုံ အကုန်လုံးက ဓာတ်အားတွေက ပေးဝေတဲ့ပမာဏက မလုံလောက်တဲ့အတွက် နိုင်ငံတော်ရဲ့ ဓာတ်အားစနစ်ကနေ လိုအပ်ချက်ကို ရယူသုံးစွဲနေတာ ဖြစ်ပါတယ်။ ရန်ကုန်မြို့မှာက သဘာဝဓာတ်ငွေ့ကလည်း ခွဲတမ်းနဲ့ရတာဖြစ်တယ်။ ရေအားလျှပ်စစ်ကလည်း မထုတ်နိုင်ဘူး။ ဒီအခြေအနေကြောင့်မို့ မလုံလောက်တာပါ။ ပြီးတော့ ရန်ကုန်မြို့ရဲ့ ဓာတ်အားပေးစနစ်က တောင်နဲ့မြောက် ကို သွယ်တန်းပြီး ပေးနေတာဖြစ်တဲ့ အတွက် ကြားထဲမှာ ဓာတ်အားလျော့တာတွေ ရှိပါတယ်။ ဒါကြောင့် တိုးလာတဲ့ လူဦးရေအတွက်ဖြည့်ဆည်း နိုင်အောင်လို့ ၂၃၀ ကေဗီ၊ ၆၆ ကေဗီ ပတ်လမ်းတွေနဲ့ ဓာတ်အားပေးတာ လုပ်သွားဖို့ရှိပါတယ်”ဟု ရန်ကုန်မြို့ တော်လျှပ်စစ်ဓာတ်အားပေးအဖွဲ့မှ အင်ဂျင်နီယာချုပ် ဦးကျော်ကျော်က ယင်းစာတမ်းဖတ်ပွဲတွင် တင်ပြဆွေးနွေး သွားခဲ့သည်။

 အကယ်၍ ရန်ကုန်မြို့ဧရိယာအား ထပ်ချဲ့ရန် လိုအပ်လာပါက တောင်ပိုင်းခရိုင်ဖြစ်သော ဒလ၊ သန်လျင်၊ ကျောက်တန်း၊ ကွမ်းခြံကုန်း ပင်လယ်ဝဒေသများအထိ ချဲ့ထွင်၍ ရနိုင်ကြောင်း . .

ရေလိုအပ်ချက်ကို ဘယ်လို ဖြည့်ဆည်းပေးမှာလဲ
လက်ရှိကာလ အနေအထားအရ ရန်ကုန်မြို့၌ တစ်ရက်လျှင် ရေ ဂါလန် ၁၆၀ သန်းပေးဝေနိုင်သဖြင့် လိုအပ်ချက်များရှိနေသေးကြောင်း၊ သို့သော်လည်း ရန်ကုန်မြို့နေလူထု အနေဖြင့် မြို့တော်စည်ပင်၏ ရေပေးဝေမှုကို ၆၂ ရာခိုင်နှုန်းသာ သုံးစွဲနေ ပြီး ကျန်ရှိသည့် ၃၈ ရာခိုင်နှုန်းမှာ မြို့တော်စည်ပင်၏ ရေပေးဝေမှုကို မသုံးစွဲဘဲ ကိုယ့်အစီအစဉ်ဖြင့်သာ သုံးစွဲနေကြကြောင်း သိရသည်။
ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ ရေနှင့်သန့်ရှင်းမှု ဌာနမှ တာဝန်ရှိသူတစ်ဦးက “တိုးလာမယ့်လူ ဦးရေအတွက် ရေလိုအပ်ချက်ကလည်း ရှိပါတယ်။ အဲဒီအတွက် ၂၀၄၀  Structure Plan အရ တိုးမြင့်လာမယ့် လူဦးရေအတွက် ပြေလည်စေမယ့် ရေပေးဝေရေးစီမံကိန်း အသစ်တွေကို ဆောင်ရွက်သွားဖို့ လျာထားပါတယ်။ အဲဒီအတွက်စီမံကိန်း သုံးလေးခုလောက် စဉ်းစားထား တယ်။ အဲဒီစီမံကိန်းတွေ ပြီးရင်တော့ ရန်ကုန်မြို့ကို တစ်နေ့ရေဂါလံ သန်း ၅၂၀ အထိ ပေးဝေလာနိုင်မှာ ဖြစ်ပါတယ်။ ပြီးတော့ အခုလက်ရှိ ရေပေးဝေမှုကိုလည်း ကောင်းအောင်လုပ်မယ်။ ရေအလေအလွင့် နည်းပါး အောင်လုပ်မယ်။ လက်ရှိပိုက် network တွေကလည်း နှစ် ၁၀၀ ၀န်း ကျင်ရှိနေပါပြီ။ ဒါကြောင့် တချို့ ပိုက်ပေါက်ပြီး ပေးသလောက် မရောက်တာလည်းရှိပါတယ်။ ခုတော့ downtown မှာ ပိုက်တွေပြန်ပြင်နေပါတယ်။ မြို့တိုးချဲ့တာပဲဖြစ်ဖြစ်၊ မြို့တွင်းမှာပဲ ဖြစ်ဖြစ် လိုအပ်နေတဲ့ရေကို အလုံအလောက် ရရှိအောင် ဆောင်ရွက်သွားဖို့လိုတယ်။ အ၀ီစိတွင်းတူးတာတွေကိုလည်း လျှော့ချသွားဖို့ ရှိပါတယ်”ဟု အဆိုပါဆွေးနွေးပွဲတွင် ဆွေးနွေးခဲ့သည်။
7122
ရန်ကုန်မြို့ အင်းစိန်မြို့နယ် အောင်ဇေယျတံတားအနီး တစ်နေရာကိုတွေ့ရစဉ်

မိလ္လာစနစ်လည်း မရှိမဖြစ် လိုအပ်တယ်
မိလ္လာစနစ်မှာလည်း မရှိမဖြစ် လိုအပ်လျက်ရှိရာ ယခုလက်ရှိရန်ကုန် မြို့၏ မိလ္လာစွန့်ပစ်မှုစနစ်မှာ အဆင် ပြေစေရုံဆိုသည့် အတိုင်းအတာသာ ရှိနေသေးကြောင်း၊ ၂၀၄၀ တွင် မဟုတ်ဘဲလာမည့် ၂၀၂၀ ပြည့်နှစ် အတွင်း၌ပင် ယခုလက်ရှိ မိလ္လာစနစ် အတိုင်းအသုံးပြုရန်ပင် အခက်အခဲ များရှိလာမည် ဖြစ်သောကြောင့် ယင်းအတွက်ကိုလည်း စဉ်းစားသင့်သည်ဟု သုံးသပ်မှုများ ရှိနေသည်။
ရန်ကုန်မြို့၏ လက်ရှိမိလ္လာစွန့် ပစ်မှုစနစ်မှာ မြို့တွင်းခြောက်မြို့နယ် နှင့် ဒဂုံမြို့နယ်တစ်စိတ်တစ်ဒေသ၊ မင်္ဂလာတောင်ညွန့်မြို့နယ် တစ်စိတ် တစ်ဒေသတို့ကို မိလ္လာပြွန်စနစ်ကို အသုံးပြုနေခြင်း ဖြစ်သည်။ အခြား မြို့နယ်များတွင်မူ ပိုက်လိုင်းစနစ်ဖြင့် အသုံးပြုလျက်ရှိကြောင်း၊ မိလ္လြွာပန် စနစ်ဖြင့် အသုံးပြုနေသော မိလ္လာတွန်းစက်အိုးများမှာ ၁၂၃ နှစ် ရှိနေပြီ ဖြစ်၍ နှစ်စဉ်ပြုပြင်မွမ်းမံ၍ အသုံး ပြုနေရကြောင်း ဆွေးနွေးခဲ့သည်။
“သန်လျက်စွန်း ရေဆိုးသန့်စင် စက်ရုံမဖွင့်ခင်က ရန်ကုန်မြို့ကထွက် ရှိတဲ့ရေဆိုးတွေကို မြစ်ထဲကို တိုက် ရိုက်စွန့်ပစ်ပါတယ်။ ၂၀၀၆ ခုနှစ် သန်လျက်စွန်း ရေဆိုးသန့်စင်စက်ရုံ ဖွင့်ပြီးမှာတော့ ရေဆိုးတွေကို  စက်ရုံ မှာသန့်စင်ပြီးမှ မြစ်ထဲကို စွန့်ပစ်မှု လုပ်ခဲ့တယ်။ တိုးလာမယ့်လူဦးရေ အတွက်ကို မြစ်နဲ့နီးတဲ့နေရာတွေဖြစ်တဲ့ အလုံ၊ ပိတောက်ချောင်းစတဲ့ နေရာတွေမှာ ရေဆိုးသန့်စင်နိုင်တဲ့ အစီအစဉ်တွေ တိုးချဲ့လို့ရပါတယ်”ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ ရေနှင့်သန့်ရှင်းမှုဌာနမှ တာဝန်ရှိသူတစ်ဦးက တင်ပြဆွေးနွေးခဲ့သည်။
အမှိုက်သိမ်းစနစ်ပါ ထည့်သွင်းစဉ်းစားရမယ်
ရန်ကုန်မြို့တော်အတွင်း နေထိုင်သော လူဦးရေနှင့် လိုက်လျောညီထွေ ဖြစ်နိုင်သည့် အမှိုက်သိမ်းဆည်း စွန့်ပစ်မှုစနစ်မှာလည်း အခြေခံလိုအပ်ကြောင်း၊ လက်ရှိအနေအထားအရ အမှိုက်သိမ်းစနစ်တွင် အားနည်းမှုအချို့ ရှိနေကြောင်း၊ ၂၀၄၀ လူတစ်ဦး၏ အမှိုက်စွန့်ပစ်မှုမှာ ၀ ဒသမ ၅ ကီလို ဂရမ်ရှိလာမည်ဖြစ်၍ အမှိုက်သိမ်း လုပ်သားဝန်ထမ်း ၂၀၀၀၀ ခန့်၊ အမှိုက်သိမ်းယာဉ် အစီးရေ ၁၀၀၀ ခန့် လိုအပ်မည်ဖြစ်၍ ယင်းအတွက်ကိုလည်း ကြိုတင်စီမံထားရန် လိုအပ်လာပြီဖြစ်ကြောင်း ပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ စာတမ်းရှင်တစ်ဦးက ဖတ်ကြားဆွေးနွေးခဲ့သည်။
“လူဦးရေတိုးလာနဲ့အတူ လူ တစ်ဦးရဲ့အမှိုက်စွန့်ပစ်မှုက နှစ်ဆနီးပါး တိုးလာမှာဖြစ်တဲ့အတွက် အမှိုက်သိမ်းဝန်ထမ်း၊ ကားတွေလိုလာမယ်။ နောက်ဆုံးစွန့်ပစ်တဲ့ အမှိုက်ပုံနေရာ တွေ ရွေးချယ်ထားဖို့ လိုပါတယ်။ နောက်ပြီး ရေထု၊ လေထုညစ်ညမ်းမှု ဆိုင်ရာကိစ္စရပ်တွေပါ။ မြစ်ကမ်း နံဘေးစက်ရုံတွေက စွန့်ပစ်တဲ့ ရေဆိုးတွေက မြစ်တွေထဲကို ရောက်ရှိတယ်။ အဲဒီအတွက် မြစ်ရေညစ်ညမ်းမှုတွေ ဖြစ်တယ်။ ဒါကြောင့် ဒါကိုထိန်း ချုပ်ဖို့အတွက် National  စံနှုန်းတစ်ခု ဒါမှမဟုတ် အာဆီယံစံနှုန်း တစ်ခု သတ်မှတ်ပေးပြီး ထိန်းချုပ်ပေးဖို့ လိုပါတယ်”ဟု ပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ လုပ်ငန်းများကို လေ့လာ လုပ်ကိုင်နေသူတစ်ဦးက တင်ပြဆွေးနွေးခဲ့သည်။
လမ်းတွေကောင်းဖို့ရော ဘယ်လိုစဉ်းစားထားလဲ
ရန်ကုန်မြို့တွင် အဓိကလမ်းမကြီးများအဖြစ် ပြည်လမ်း၊ ကမ္ဘာအေး စေတီလမ်းစသည်တို့ တည်ရှိကြောင်း၊ အရှေ့အနောက်သွယ်တန်း လမ်းများအဖြစ် ကျိုက်ဝိုင်းဘုရားလမ်း၊ ပါရမီ လမ်း စသည်တို့ဖြစ်ကြောင်း၊ ၂၀၁၁ ခုနှစ် မတ်လတွင် ကောက်ယူခဲ့သော စာရင်းအရ ရန်ကုန်တစ်မြို့လုံးတွင် လမ်းမိုင်ရှည် စုစုပေါင်း ၂၇၆၉ မိုင် ရှိကြောင်း၊ ယင်းလမ်းမျာအား အမျိုးအစားများ ခွဲခြားထားပြီး ကတ္တရာလမ်း၊ ကွန်ကရိလမ်း၊ မြေသားလမ်း တို့ဖြစ်ကြောင်း သိရှိရသည်။
ဆက်သွယ်သွားလာရေးတွင် ကားလမ်း၊ ရထားလမ်း၊ ပင်လယ် ရေကြောင်းလမ်း၊ လေကြောင်းလမ်း တို့အနက်  ရန်ကုန်မြို့တွင်း ဆက်သွယ်သွားလာနေသည်မှာ ကားလမ်း မှဖြစ်ကြောင်း၊ လမ်းများကောင်း မွန်မှသာ အချိန်တိုအတွင်း သွားလာနိုင်မည်ဖြစ်ကြောင်း၊ ရန်ကုန်မြို့ရှိ နေရာအများစုတွင် လမ်းပျက်စီးမှု များပြားနေခြင်းကြောင့် ခရီးလမ်း တစ်ခုအား အချိန်တိုအတွင်း သွားလာ၍ မရနိုင်ခြင်း၊ အချို့နေရာများတွင် လမ်းကျဉ်းမြောင်းခြင်းကြောင့် ကားပိတ်ဆို့မှုများ ရှိနေသည်။
ယာဉ်အစီးရေသုံးသိန်းနဲ့ ကြီးထွားလာတဲ့ ယာဉ်ကြောပိတ်ဆို့မှု ပြဿနာ
ရန်ကုန်မြို့တော်တွင် လက်ရှိ ယာဉ်အစီးရေမှာ သုံးသိန်းခန့်ရှိမည်ဟု ခန့်မှန်းထားပြီး ကားအစီးရေ၏ သုံးပုံနှစ်ပုံမှာ ကိုယ်ပိုင်ကားများဖြစ်ကြောင်း၊ ဒုတိယအများဆုံး အငှားကားနှင့် ခရီးသည်တင် ဘတ်စကားများဖြစ်ကြောင်း သိရှိရသည်။
လက်ရှိရန်ကုန်မြို့၏ ယာဉ်အစီးရေနှင့်ပင် ရန်ကုန်မြို့တွင်းနေရာ အတော်များများတွင် ယာဉ်ကြော ပိတ်ဆို့မှုများ ဖြစ်ပွားနေကြောင်း၊  အထူးသဖြင့် လှည်းတန်း၊ ရွှေဂုံတိုင်၊ သမိုင်းလမ်းဆုံ၊ ရှစ်မိုင်လမ်းဆုံ၊ ဘုရင့်နောင်လမ်းဆုံ၊ မြေနီကုန်းလမ်း ဆုံများသည် ယာဉ်ကြောရှုပ်ထွေးမှု များပြားသည့် အဓိက ပစ်မှတ်နေရာ များဖြစ်ပြီး ရုံးဆင်းရုံးတက်ချိန်များတွင် ပိုမိုဆိုးရွားကြောင်း သိရှိရသည်။
ရန်ကုန်မြို့တွင်း ခရီးသည်တင် ယာဉ်လိုင်း ၂၈၃ လိုင်းရှိရာ အဆိုပါ လိုင်းများမှ မြို့တွင်းအလယ်ဧရိယာ ကိုသာ ဗဟိုပြုပြေးဆွဲနေကြ၍ မြို့တွင်း ဧရိယာတွင် ယာဉ်ကြောပိတ် ဆို့မှုများရှိနေကြောင်း၊ ကိုယ်ပိုင်ကား များအနေဖြင့်လည်း မြို့တွင်းဧရိယာ လမ်းမများပေါ်တွင် အချိန်ကြာမြင့်စွာ ရပ်တန့်ထား၍ ယာဉ်ကြောပိတ်ဆို့မှု များဖြစ်ပွားနေကြောင်း သိရသည်။ ယင်းကဲ့သို့လက်ရှိ ကားအစီးရေနှင့်ပင် ယာဉ်ကြောပိတ်ဆို့မှု ကြီးထွားနေရာ ထပ်မံ၍ လူဦးရေတိုးလာပြီး ကားအစီးရေတိုးလာပါက ယာဉ်ကြောပိတ်ဆို့မှု ပိုမိုဆိုးရွားလာမည် ဖြစ်ကြောင်း၊ ကားမှတ်တိုင်အချို့မှာ ကားလမ်းမပေါ်တွင် တည်ရှိခြင်းကြောင့် ကားများမှတ်တိုင်တွင် အချိန်ကြာမြင့်စွာ ရပ်တန့်ထားမှုကလည်း ပြဿနာ ဖြစ်ကြောင်း၊ ထို့အတူ ယာဉ်ရပ်နား နိုင်သည့်နေရာ အလုံအလောက် မရှိခြင်းကလည်း ပြဿနာတစ်ရပ်ဖြစ်ကြောင်း ဆွေးနွေးတင်ပြခဲ့ကြသည်။
တိုးပွားလာမယ့် လူဦးရေအတွက် မြို့ဧရိယာတိုးချဲ့ဖို့ လိုသလား
လက်ရှိအနေအထားအရ ရန်ကုန်မြို့တွင်း ဧရိယာများတွင်သာ လူနေ ထူထပ်သိပ်သည်းမှု များပြားနေပြီး လှိုင်သာယာကဲ့သို့ မြို့သစ်အချို့မှ လွဲ၍ အခြားမြို့သစ် ဧရိယာများတွင် လူနေထိုင်မှုကျဲနေကြောင်း သိရသည်။ မြို့သစ်ဧရိယာများတွင် စက်မှုဇုန်ဖော်ထုတ်မှု များသည့်အတွက် လူနေထိုင်မှု ကျဲပါးနေခြင်းဖြစ်ကြောင်း၊ ထို့ ကြောင်Structure Plan တွင် ကာလတို စီမံချက်အနေဖြင့် လူနေထိုင်မှု ကျဲသည့်မြို့နယ်များတွင် လူနေထူထပ် သိပ်သည်းလာအောင် ဆောင်ရွက်သင့်ကြောင်းနှင့် လိုအပ်လာပါ က မြို့ဧရိယာကို တိုးချဲ့သင့်ကြောင်းလည်း ဆွေးနွေးခဲ့ကြသည်။
“အခု Structure Plan  က မြို့ သစ်တိုးချဲ့ဖော်ထုတ်ဖို့ကိုတော့ မသတ်မှတ်ရသေးဘူး။ ရှိပြီးသား မြို့သစ် မြို့နယ်ထဲက လူနေကျဲတဲ့နေရာတွေ ကို ဒီထက်လူနေ ထူထပ်လာအောင် ဖွံ့ဖြိုးတိုးတက်လာအောင်ပဲ ဆောင်ရွက်သင့်တယ်။ နောက် ၁၀ စုနှစ် တစ်ခုလောက်ကြာတဲ့အခါ ရွှေ့ပြောင်းလာတဲ့ လူတွေ၊ တိုးလာမယ့်လူတွေ အတွက်ပဲ မြို့ချဲ့ဖို့လိုတာပါ”ဟု ဗိသုကာ ပညာရှင်တစ်ဦးက ဆွေးနွေးခဲ့သည်။
အကယ်၍ ရန်ကုန်မြို့ဧရိယာ အား ထပ်ချဲ့ရန် လိုအပ်လာပါက တောင်ပိုင်းခရိုင်ဖြစ်သော ဒလ၊ သန် လျင်၊ ကျောက်တန်း၊ ကွမ်းခြံကုန်း ပင်လယ်ဝဒေသများအထိ ချဲ့ထွင်၍ ရနိုင်ကြောင်း စာတမ်းရှင်တစ်ဦးက တင်ပြဆွေးနွေးခဲ့သည်။
“ရန်ကုန်Structure Plan ၂၀၄၀ မှာ လူဦးရေးတိုးလာရင် လိုအပ်လာပါက ရန်ကုန်မှာရှိတဲ့ ခရိုင်ကို လေးခုကနေငါးခုအဖြစ် ပြောင်းလဲပြီး ဆောင်ရွက်သင့်ကြောင်း တင်ပြချင်ပါတယ်။ လူဦးရေ ၁၀ သန်းကို ဖြန့်ကျက်နေရာချနိုင်ဖို့အတွက်ဆိုရင် တောင်ပိုင်းခရိုင်ဘက်ကို ချဲ့လို့ရနိုင် ပါတယ်။ တောင်ပိုင်းခရိုင်က အခြေချနေထိုင်လို့ရတဲ့ အနေအထားရှိနေ တယ်။ မြောက်ပိုင်းခရိုင်ကတော့ ငလျင်ကြောတွေနဲ့ ရှိနေတဲ့အတွက် မဖြစ်နိုင်ပါဘူး။   တိုးလာမယ့် လူဦးရေ အတွက် စားနပ်ရိက္ခာကို ဧရာဝတီတိုင်း ဒေသကြီးနဲ့ ပဲခူးတိုင်းဒေသကြီး တို့က ယူလို့ရနိုင်တဲ့ အနေအထားမို့ လို့ပါ”ဟု စာတမ်းရှင်တစ်ဦးက ဆွေးနွေးတင်ပြသွားခဲ့သည်။
ကျန်းမားရေးကဏ္ဍ
ရန်ကုန်မြို့အတွင်း ၂၀၁၀- ၂၀၁၁ ခုနှစ်တွင် ကောက်ယူခဲ့သော စစ်တမ်းအရ အရှေ့ပိုင်းခရိုင်တွင် အစိုးရဆေးရုံ ၁၆ ခုနှင့် ပုဂ္ဂလိက ဆေးရုံ ၁၀ ခုဝန်းကျင်၊ အနောက်ပိုင်း ခရိုင်တွင် အစိုးရဆေးရုံ ၁၀ ခုနှင့် ပုဂ္ဂလိကဆေးရုံ ၂၁ ခု၊ တောင်ပိုင်း ခရိုင်တွင် အစိုးရဆေးရုံ ၂၃ ခုနှင့် ပုဂ္ဂလိကဆေးရုံ တစ်ခု၊ မြောက်ပိုင်း ခရိုင်တွင် အစိုးရဆေးရုံ ၂၅ ခုနှင့် ပုဂ္ဂလိကဆေးရုံငါးခုတို့ဖြင့် ကျန်းမာ ရေးစောင့်ရှောက်မှု ခံယူနေရခြင်း ဖြစ်ပြီး အရှေ့ပိုင်းခရိုင်အတွင်း ပျမ်းမျှ ဆရာဝန်တစ်ဦးလျှင် လူနာ ၃၆၃၈ ဦး၊ အနောက်ပိုင်းခရိုင်တွင် ဆရာဝန် တစ်ဦးလျှင် လူနာ ၁၄၀၀ ဦး၊ တောင်ပိုင်းခရိုင်တွင် ဆရာဝန်တစ်ဦးလျှင် လူနာ ၁၈၁၇၆ ဦးနှင့် မြောက် ပိုင်းခရိုင်တွင် ဆရာဝန်တစ်ဦးလျှင် ၁၃၆၄၇ ဦးဖြင့် ကုသနေရသည်ဟု စာတမ်းရှင်တစ်ဦးက တင်ပြဆွေးနွေးသွားခဲ့သည်။
“ဆရာဝန်နဲ့ လူနာအချိုး မညီမျှတာတွေ ဖြစ်နေပါတယ်။ ရောဂါ ဖြစ်ပွားမှုကို ကြည့်မယ်ဆိုရင်လည်း တီဘီနဲ့ ၀မ်းပျက်ဝမ်းလျှော ရောဂါ ကြောင့် သေဆုံးမှုနှုန်း အများဆုံးဖြစ် နေတယ်။ ဒါကြောင့် ရန်ကုန်မြို့ရဲ့ တိုးပွားမယ့်လူဦးရေအတွက် Structure Plan  စဉ်းစားမယ်ဆိုရင် ကျန်းမာရေးကဏ္ဍကလည်း အရေးကြီးပါတယ်” ဟု ရန်ကုန်စီးပွားရေး တက္ကသိုလ်မှ စာတမ်းရှင်တစ်ဦးက ဆွေးနွေးခဲ့သည်။
စိမ်းလန်းမှု ဧရိယာ လျော့ကျလာတဲ့ ရန်ကုန်မြို့
ရန်ကုန်မြို့တော်၏ မြို့လယ် ဧရိယာများဖြစ်သော ကျောက်တံတား၊ ပန်းပဲတန်းမြို့နယ်များတွင် တစ်ဧက၌ လူဦးရေ ၄၀၀ ခန့်နေထိုင်ကြောင်း၊ ထို့အတူ လသာ၊ ပုဇွန်တောင်စသော နေရာများတွင်လည်း လူနေထိုင်မှု သိပ်သည်းလာခြင်းကြောင့် မြို့တွင်း ဧရိယာများတွင် စိမ်းလန်းမှုဧရိယာ (Green Area) မရှိသလောက် နည်းပါးသွားကြောင်း ဆွေးနွေးခဲ့သည်။
“အခုရန်ကုန်မြို့လယ်မှာ စိမ်းလန်းမှု လုံးဝမရှိတော့ပါဘူး။ ဒါ ကြောင့် လူဦးရေတိုးရင် ရန်ကုန်မြို့ က ပိုမိုလာနိုင်ပါတယ်။ စိမ်းလန်းမှု ရှိတော့မှာမဟုတ်ပါဘူး။ ဒါကြောင့် City Plan မှာ စိမ်းလန်းစိုပြေရေးနဲ့ ပတ်သက်ပြီး ထည့်သွင်းစဉ်းစားရေး ဆွဲပေးဖို့ လိုပါတယ်။ ကန်တော်ကြီး၊ အင်းယားပတ်ဝန်းကျင်အပြင် လှော် ကားကန်ဧရိယာ ၀န်းကျင်ကိုလည်း တစ်နည်းတစ်ဖုံ ထိန်းသိမ်းပေးဖို့ အကြံပြုချင်ပါတယ်”ဟု မြို့ရွာနှင့် အိုးအိမ် ဖွံ့ဖြိုးမှုဦးစီးဌာနမှ လက်ထောက်ညွှန် ကြားရေးမှူး ဒေါ်လှိုင်မော်ဦးက ဆွေးနွေးတင်ပြခဲ့သည်။
ထို့ပြင် မြို့ပြအဆောက်အအုံ တည်ဆောက်မှုများပြားလာခြင်းနှင့် အတူ သဘာဝမြင်ကွင်းများပိတ်ဆို့ လာခြင်းကိုလည်း ထိန်းသိမ်းသင့်ကြောင်း၊ ရွှေတိဂုံစေတီတော် မြင် ကွင်းများပိတ်ဆို့လာခြင်း ထည့်သွင်း စဉ်းစားရန်လိုကြောင်း၊ ဆူးလေ ဘုရားပတ်ဝန်းကျင်လည်း အထပ်မြင့် အဆောက်အအုံများ ဆောက်လုပ်လာမှုကြောင့် ဘုရားပတ်လည်မီတာ ၃၀၀ အတွင်း အထပ်မြင့် အဆောက်အအုံ တည်ဆောက်မှုများကိုလည်း ထိန်းသိမ်းပေးရန် လိုအပ်ကြောင်း တင်ပြဆွေးနွေးမှုများ ရှိခဲ့သည်။
ရှေးဟောင်း အဆောက်အအုံတွေကိုလည်း ဧရိယာသတ်မှတ်ပြီး ထိန်သိမ်းသင့်တယ်
လက်ရှိ ရန်ကုန်မြို့တော်တွင် ရှေးဟောင်း အဆောက်အအုံ ၁၈၉ လုံး ရှိသည့်အနက် မြို့လယ်ဧရိယာ ဖြစ်သော ကျောက်တံတားမြို့နယ် တွင် ၃၉ လုံးဖြင့် အများဆုံးဖြစ်နေ ကြောင်း၊ ယင်းအတွက် ရှေးဟောင်း အဆောက်အအုံရှိသည့် နေရာများကို သာမက ယင်းနှင့်ဆက်စပ် ပတ်ဝန်းကျင်ကိုပါ ထိန်းသိမ်းမှုဧရိယာများ ပြုလုပ်သင့်ကြောင်း၊ ၀န်ကြီးများရုံး ကဲ့သို့ အဆောက်အအုံများမှာ ဗိသုကာလက်ရာအရ သာမက မြို့တည်သမိုင်းအရပါ ထိန်းသိမ်းသင့်ကြောင်း လည်း ၀ိုင်းဝန်းဆွေးနွေးခဲ့ကြသည်။
“ရှေးဟောင်းအဆောက်အအုံ စာရင်းတွေကို ၁၉၉၆ ခုနှစ်မှာ ထုတ် ပြန်ကြေညာခဲ့ပြီး စုစုပေါင်း ၁၈၉ လုံး ရှိပါတယ်။ ဆူးလေဘုရားတ ည်ရှိရာ ကျောက်တံတားမြို့နယ်မှာ ရှေးဟောင်း အဆောက်အအုံ ၃၉ လုံးရှိပြီးတော့ ရှေးဟောင်း အဆောက်အအုံအများဆုံး တည်ရှိရာမြို့နယ် ဖြစ်ပါတယ်။ လူဦးရေထူထပ်တယ်၊ မြင်ကွင်းလမ်း ကြောင်းတွေ၊ Landmark အရပဲ ဖြစ်ဖြစ် အဆောက်အအုံသစ်တွေ ဆောက်လုပ်ခွင့်ပြုမယ်ဆိုရင် အဆောက်အအုံအမြင့်နဲ့ ဒီဇိုင်းကို စနစ်တကျ စိစစ်ခွင့်ပြုဖို့ လိုအပ်နေတာကို တွေ့ရပါတယ်”ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ အင်ဂျင်နီယာဌာန၊ အဆောက်အအုံမှ တာဝန်ရှိသူတစ်ဦးက ဆွေးနွေး တင်ပြခဲ့သည်။
ဆွေးနွေးချက်များအပေါ်တွင် ဗိသုကာပညာရှင်တစ်ဦးက “ပြည်လမ်းက နိုင်ငံခြားရေးဝန်ကြီးရုံး နေရာကို ယူလိုက်ပြီး လွတ်တဲ့မြေကွက်လပ်မှာ အဆောက်အအုံဆောက်တာ Image Heritag ကိုထိခိုက်တယ်။ အလားတူ ၀န်ကြီးများရုံးကိုလည်း ထိန်သိမ်းပေးမယ်လို့ပြောပြီး ယူသွားမယ်။ ပြီးတော့ဘေးက မြေကွက်လပ် မှာ အဆောက်အအုံတွေ ဆောက်လိုက်မယ်ဆိုရင် ဘယ်လိုလုပ်မလဲ” ဟု အကြံပြုဆွေးနွေးခဲ့သည်။
မြို့တော်အုပ်ချုပ်ရေးနဲ့ စီမံခန့်ခွဲမှု
လက်ရှိ ရန်ကုန်မြို့တော်တွင်  အစီအစဉ်ကျနမှုမရှိသော မြေအသုံးချမှုများ၊ အစိုးရပိုင်မြေနှင့် စည်ပင်ပိုင်မြေများအား ကျူးကျော်နေထိုင်မှုများ၊ အများပြည်သူနှင့် သက်ဆိုင်သောနေရာများတွင် ကျူးကျော်နေထိုင်ခြင်း၊ ဖွံ့ဖြိုးမှုဆောင်ရွက်နိုင်ရန် အချိန်ကိုက်စီမံကိန်းများရေးဆွဲနိုင်မှု မရှိခြင်း၊ စက်မှုလက်မှု လုပ်ငန်းများ လူနေရပ်ကွက်များ၊ စီးပွားရေးဧရိ ယာများအတွင်း ကြဲပြန့်စွာ တည်ရှိနေခြင်းတို့ ဖြစ်ပေါ်လျက် ရှိခြင်းကြောင့် မြို့ပြအုပ်ချုပ်ရေးနှင့် စီမံခန့်ခွဲမှု အပိုင်းအား နည်းလမ်းများဖြင့် ဖြေရှင်းသွားရန် လိုအပ်ကြောင်း စာတမ်း ရှင်တစ်ဦးကဆွေးနွေးတင်ပြခဲ့သည်။
ယင်းအတွက် ရန်ကုန်မြို့တော်ရှိ Open Space  ဧရိယာများကို ကျူးကျော်မှုမရှိအောင် ကာကွယ်ထိန်းသိမ်းသွားရန်၊ စနစ်ကျနမှု မရှိသည့်  နေရာများ၊ ရပ်ကွက်များအား အိမ်ရာစီမံကိန်းများ အဖြစ် အဆင့်မြှင့်တင်ရန်လည်း လိုအပ်ကြောင်း တင်ပြ ဆွေးနွေးမှုလည်း ရှိခဲ့သည်။
အလားတူ မြေစီမံခန့်ခွဲမှုဆိုင်ရာ စာတမ်းရှင်တစ်ဦးကလည်း နိုင်ငံခြားသား အမည်ပေါက်မြေများ၊ ကျူး ကျော်မြေများ၊ မီးလောင်မြေများနှင့် ပတ်သက်၍လည်း မြို့ပြဖွံ့ဖြိုးရေး လုပ်ငန်းတွင် အကျိုးရှိစွာ ဖော်ထုတ် သင့်ကြောင်းနှင့် မြို့ပြစီမံကိန်း ရေးဆွဲရာတွင် အများပြည်သူတို့နှင့် သက်ဆိုင်သည့် ပန်းခြံ၊ လမ်းတံတား၊ အိမ်ရာ စသည်တို့အား ပိုမိုတိုးတက် ကောင်းမွန်လာအောင် ဆောင်ရွက်ရန်၊ ဆက်လက် ထိန်းသိမ်းထား ရှိသင့်သည့် ဧရိယာများအား ထိန်းသိမ်းထားရန်၊ ရင်းနှီးမြှုပ်နှံလိုသူများအတွက် ဇုန်နယ်မြေများသတ်မှတ်၍ စည်းကမ်းချက်များ ထုတ်ပြန်ထားရန်လည်း လိုအပ်သည်ဟု မြေစီမံခန့်ခွဲမှုဆိုင်ရာ စာတမ်းရှင်တစ်ဦးက ဆွေးနွေးဖတ်ကြားခဲ့သည်။

No comments:

Post a Comment