Wednesday, April 25, 2012

ဒေါ်အောင်ဆန်းစုကြည် ၂၃ ရက်နေ့တွင် လွှတ်တော်တက်မည်

ဝင်းကိုကိုလတ်  

မြန်မာတိုင်းမ်၊ အတွဲ ၂၉ ၊ အမှတ် ၅၆၅ ( ၂၀ - ၂၆ ၊ ၄ ၊ ၂၀၁၂)

ဧပြီလ ၁ ရက် ကြားဖြတ်ရွေးကောက်ပွဲ တွင် အနိုင်ရခဲ့သည့် ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် ကိုယ်စားလှယ်များ သည် ယခုလ ၂၃ ရက်တွင် ပြန်လည် ကျင်းပမည့် ပထမအကြိမ် ပြည်သူ့လွှတ် တော် တတိယပုံမှန်အစည်းအဝေးသို့ တက်ရောက်မည်ဖြစ်သည်ဟု အနိုင်ရ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ က မြန်မာတိုင်း(မ်)ကို ပြောကြားသည်
"ဟုတ်ပါတယ်၊ ၂၂ ရက် နေပြည်တော် အရောက်၊ ၂၃ ရက် မွန်းလွဲ ၁ နာရီမှာ လွှတ်တော်စတင်မယ်လို့ အကြောင်း ကြားထား ပါတယ်"ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အင်န်အယ်လ်ဒီ)၏ ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းက အတည်ပြု ပြောကြားသည်။
ယခုလ ၁၉ နှင့် ၂၀ ရက်များတွင် အင်န်အယ်လ်ဒီက အနိုင်ရကိုယ်စားလှယ်များအား အစည်းအဝေးခေါ်ယူခဲ့ကြောင်း သိရသည်။
ကြားဖြတ်ရွေးကောက်ပွဲတွင် အင်န်အယ်လ်ဒီက လွှတ်တော်နေရာ ၄၃ နေရာ အနိုင်ရရှိထားသည်။
"၂၃ ရက်မှာ လွှတ်တော်တက်ဖို့ အကြောင်းကြားစာရပါတယ်" ဟု ဥတ္တရ သီရိမြို့နယ်၊ အင်န်အယ်လ်ဒီပါတီ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမင်းသူက ပြောသည်။
လွှတ်တော်တွင် မေးမြန်းရန် မေးခွန်း အချို့ကို ကြိုတင်ပြင်ဆင်ထားပြီး ဒေသခံ ပြည်သူများ၊ လယ်သမား များခံစားနေရသည့် လယ်ယာမြေနှင့် သက်ဆိုင်သည်များကို အဓိကထား မေးမြန်းသွားမည်ဟု ၎င်းက ပြောသည်။
"နေပြည်တော်တည်ဆောက်စဉ်က လယ်ယာမြေသိမ်းတာတွေကို ဘယ်လို ဆောင်ရွက်ပေးခဲ့သလဲဆိုတာကို သက် ဆိုင်ဝန်ကြီး ဌာနကို မေးပါမယ်" ၎င်းက ပြောသည်။
"အဆိုက ကျယ်ပြန့်တဲ့ကိစ္စဖြစ်တဲ့အတွက် သေချာစဉ်းစားပြီး လုပ်ဆောင်သွားမယ်"ဟု ၎င်းက ပြောသည်။
ဇမ္ဗူသီရိမြို့နယ်၊ အယ်န်အယ်လ်ဒီ အနိုင်ရ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်စန္ဒာမင်းက "Data analysis လုပ်နေတယ်။ အဲဒီကနေ Issue တွေ ဆွဲ ထုတ်ပြီး
အဆိုတွေ၊ မေးခွန်းတွေ တင်ပြသွားမယ်"ဟု ပြောသည်။
အင်န်အယ်လ်ဒီပါတီ ရွေးကောက်ပွဲ ၀င်ရသည့်ရည်ရွယ်ချက်များဖြစ်သည့် တရားဥပဒေစိုးမိုးရေး၊ ပြည်တွင်းငြိမ်း ချမ်းရေး၊ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်နိုင်ရေးဟူသည့် အချက်များမှ တစ်ခုနှင့်တစ်ခု ချိတ်ဆက်နေပြီး မြို့နယ် များရှိ အများအားဖြင့် တူညီသော အခက်အခဲများကိုလည်း တစ်ပြိုင်တည်း ဖြေရှင်းသွားမည်ဟု မင်္ဂလာတောင်ညွန့် မြို့နယ်၊ အင်န်အယ်လ်ဒီပါတီ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဒေါ်ဖြူဖြူသင်းက ပြောကြားသည်။
ဒေါ်အောင်ဆန်းစုကြည်ကလည်း မြို့နယ်များရှိ အလုပ်လက်မဲ့စာရင်း၊ ကျောင်းမနေနိုင်သည့် ကလေးများ စာရင်း၊ စောင့်ရှောက်မှု မဲ့နေသည့် သက် ကြီးရွယ်အိုစာရင်းများကောက်ရန် ညွှန်ကြားထားပြီးဟုလည်း ၎င်းကပြောသည်။
နယ်မှလာပြီး ရန်ကုန်တွင် မှတ်ပုံတင် မရှိဘဲ နေထိုင်နေရသည့်ကိစ္စများကို ကြိုးပမ်းသွားမည်ဟုလည်း ၎င်းက ပြောသည်။
ကြားဖြတ်ရွေးကောက်ပွဲကို မူလက ၄၈ နေရာတွင် ကျင်းပရန်စီစဉ်ထားသော်လည်း လုံခြုံရေးအခြေအနေအရ ၄၅ နေရာတွင်သာ ကျင်းပခဲ့ပြီး အင်န်အယ်လ်ဒီပါတီက ပြည်သူ့လွှတ်တော် ၃၇ နေရာ၊ အမျိုးသားလွှတ်တော် သုံး နေရာနှင့် တိုင်းဒေသကြီးလွှတ်တော် နှစ်နေရာ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက အမျိုးသားလွှတ်တော် တစ်နေရာ၊ ရှမ်းတိုင်းရင်းသားများဒီမို ကရက်တစ် ပါတီက အမျိုးသားလွှတ်တော် တစ်နေရာ အနိုင်ရရှိခဲ့သည်။

No comments:

Post a Comment